ရုရှားကျောက်မီးသွေးအား တရုတ်ဝယ်လက်များ ဝယ်ယူမှု တန့်နေ

ရုရှားကျောက်မီးသွေးအား တရုတ်ဝယ်လက်များ ဝယ်ယူမှု တန့်နေ

ယူကရိန်းအားကျူးကျော်စစ်ဆင်နွှဲလာခဲ့သည့်နောက် ရုရှားအစိုးရဘဏ်များနှင့် ဆက်စပ်ဘဏ္ဍာရေးဝန်ဆောင်မှုများပိတ်ဆို့ခံလာရဖွယ်ရှိနေခြင်းကြောင့် တရုတ်ပြည်မှ ကျောက်မီးသွေးကုန်သည်များသည် ရုရှားကျောက်မီးသွေးဝယ်ယူမှုများအား ပမာဏလျှော့ချလာနေသည်။

ရုရှားသည် ကမ္ဘာ့တတိယအကြီးဆုံး ကျောက်မီးသွေးတင်ပို့ရောင်းချသူဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားအတွက် အကြီးဆုံး ဖေါက်သည်လည်းဖြစ်သည်။ပြီးခဲ့သည့်နှစ်တွင် ရုရှားမှ ကျောက်မီးသွေးတန်ချိန် သန်း ၅၀ ကျော်ပမာဏကို တန်ဖိုး ဒေါ်လာ ၇.၄ ဘီလျံခန့်ဖြင့် တရုတ်က ဝယ်ယူတင်သွင်းခဲ့သည်။

ထိုပမာဏမှာ တရုတ်နိုင်ငံအတွင်း စုစုပေါင်းတင်သွင်းသော ကျောက်မီးသွေးပမာဏ၏ ၁၅% ရှိခဲ့ရာ တရုတ်ဈေးကွက်သို့ အင်ဒိုနီးရှားပြီးလျှင် ရုရှားက ဒုတိယအကြီးဆုံး တင်သွင်းသူလည်းဖြစ်ခဲ့သည်။

နိုင်ငံတကာဘဏ်စနစ် – SWIFT ကုဒ်များတွင် ရုရှားဘဏ်များကို ပိတ်ဆို့လာပြီးနောက် ဘဏ်အများစုသည် ငွေပေးချေခြင်း၊ Credit ဝန်ဆောင်မှုပေးခြင်းများကို ရပ်တန့်လိုက်ကြသည်။

ထို့ကြောင့် ရုရှားနှင့်ဆက်စပ်နေသည့် ကျောက်မီးသွေးရောင်းဝယ်ရေးလုပ်ငန်းများအတွက် ရွေးချယ်စရာ ငွေပေးချေသည့်စနစ်မရှိတော့ကြောင်း၊ စာချုပ်စာတမ်းအများစုသည် ကန်ဒေါ်လာနှင့်သာ လုပ်ကိုင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်းများကို တရုတ်အခြေစိုက် ကုန်သည်တယောက်က ပြောကြားခဲ့သည်။

အချို့သောကုန်သည်များကမူ ရုရှားပို့ကုန်လုပ်ငန်းရှင်များအား ပထမဆုံးအကြိမ်အဖြစ် တရုတ်ယွမ်ငွေဖြင့် ပေးချေနိုင်မည်လားဆိုသည့် ကိစ္စကို ဆွေးနွေးနေကြသည်။

အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်များသည် ရုရှားဘဏ်များကို နိုင်ငံတကာငွေကြေးနှင့်ဘဏ်လည်ပတ်မှုစနစ် – SWIFT အတွင်းမှ ထုတ်ပယ်ရန် စနေနေ့က လုပ်ဆောင်ခဲ့ကြသည်။

ထို့ကြောင့် ရုရှားမှ ကျောက်မီးသွေးဝယ်ယူရရှိမှုအခြေအနေ အခက်အခဲကို မဖြေရှင်းနိုင်ပါက တရုတ်ပြည်တွင်းသို့ အင်ဒိုနီးရှားနှင့် ဩစတေးလျကဲ့သို့သော ကမ္ဘာ့ ပထမနှင့် ဒုတိယအကြီးဆုံးကျောက်မီးသွေးတင်ပို့သည့်နိုင်ငံများမှ ကျောက်မီးသွေးများ ဝင်ရောက်မှု ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။
Crd.. Daily Myanmar

Leave a Reply

Your email address will not be published.