မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် သူငယ်တော် (သို့) ဖိုးဝရုပ် အကြောင်း

မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် သူငယ်တော် (သို့) ဖိုးဝရုပ် အကြောင်း

သူငယ်တော်ရုပ်သည် ဆံပင်ကို ဘယ်ညာနှစ်ဖက် ခွဲ၍ တစ်ဖက်စီတွင် ဖဲကြိုးဖြင့် ချည်ထားသော ကလေးရုပ်ဖြစ်သည်။ လည်တိုင်တွင် ကြီးမားသော ရွှေဒင်္ဂါးပြား တစ်ပြားကို ဆွဲထားသည်။

ခါးတောင်းကျိုက်ထားသည့် သူငယ်တော်ရုပ်သည် လက်ကောက်နှင့် ခြေချင်းကို ဝတ်ထားပြီး ပါးနှစ်ဖက်ပေါ်တွင် ပါးကွက်ဝိုင်းကို ကွက်ထားလေ့ရှိသည်။

သူငယ်တော်အက ကပြရာတွင် သူငယ် တော်သည် ခါးတောင်းကျိုက်အောက်၌ ဒူးဖုံးသော အောက်ခံဘောင်းဘီကို ဝတ်ဆင်လေ့ရှိသည်။

ကြက်တောင်စည်း နှစ်ဖက်နှင့် ချစ်စရာကောင်းသည့် သူငယ်တော်သည် ထင်ရှားသည့် သမိုင်းကြောင်းရှိခဲ့သည်။ သူငယ်တော်ကို မြန်မာ့ ကလေးသူငယ်များက ဖိုးဝရုပ်ဟူ၍လည်း ခေါ်သည်။

ဝဝတုတ်တုတ် အလွန်ချစ်စရာကောင်းသဖြင့် သူငယ်တော်ကို ဖိုးဝရုပ်ဟု အမည်ပေးထားခြင်း ဖြစ်သည်။

မြန်မာအဘိဓာန်တွင် သူငယ်တော်ကို ‘နန်းတော်အိမ်တော်တွင် ကိစ္စအသေးအဖွဲများကို ဆောင်ရွက်ပေးရသော သူငယ်အမှုထမ်း’ ဟု ဖွင့်ဆိုသည်။ သူငယ်တော်များသည် ရှေးအခါက မြန်မာ့နန်းတော် များတွင် အမှုတော်ထမ်းခဲ့ကြသူများဖြစ်ကြသည်။

သမိုင်းပညာရှင် ဒေါက်တာ တိုးလှက သူငယ်တော်များသည် မင်းဧကရာဇ်ထံပါးတွင် အသေးအဖွဲ အမှုငယ်များကို ဆောင်ရွက်ပေးကြရသည့် အသက်ခုနစ်နှစ်ထက် မကြီးသော ကလေးသူငယ်များ ဖြစ်သည်ဟု ဆိုခဲ့သည်။

ယင်းတို့ကို ကိုယ်စားပြုသည့် အရုပ်များအား ဘုရား ၊ကျောင်းကန်အဆောက်အအုံများတွင် အဆင်တန်ဆာတစ်ခုအဖြစ် ထည့်သွင်းထုလုပ်ခဲ့ကြပြီး ယခုခေတ်တွင် သူငယ်တော်ရုပ်ကို ဖိုးဝရုပ်ဟု သိရှိကြသည်။

သူငယ်တော်ရုပ်

သူငယ်တော်ရုပ်များကို ပွဲဈေးများနှင့် ဘုရားဈေးတန်းများတွင် အများဆုံး ရောင်းချကြကာ ချစ်ဖွယ်အသွင်ရှိသဖြင့် အိမ်များတွင် အလှဆင် အရုပ်များအဖြစ်လည်း ထားရှိကြသည်။

သူငယ်တော်ရုပ်များကို သစ်သား၊ ကျောက်၊ ယခုအခါတွင်မူ မတ်တတ်ရပ်နေ သည့်ဟန် ခေါင်းပွစက္ကူရုပ်များကို အများဆုံး ပြုလုပ်ကြသည်။ Viber စတစ်ကာများတွင်လည်း ဖိုးဝရုပ်စတစ်ကာများ ပါရှိသည်။

၁၉၉၆ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ခရီးသွားနှစ်တွင် သူငယ်တော်ရုပ် (ဖိုးဝရုပ်)ကို ခရီးသွားနှစ် အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့သည်။

မြန်မာဘုရင်များ၏ ပလ္လင်တော်များတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊ ကိန္နရာ၊ သမ္မာဒေဝ၊ ခြူး၊ ကြာ၊ ဦးဆောက် ပန်းဟူသည့် နေရာ ၁၂ ခုနှင့် သူငယ်တော်ရုပ်ကို ထည့်သွင်း ထုလုပ်သည်။

ပလ္လင်များ၏ ရှေ့တွင် ပလ္လင်တော်ကို မျက်နှာမူကာ မတ်တတ်ရပ်လျက် လက်နှစ်ဖက်ယှက်၍ ရှိခိုးနေသည့် အဉ္စလီ မုဒြာဟန် ကလေး သူငယ်ရုပ်များကို မြင်တွေ့နိုင်ကြသည်။

ပလ္လင်ခံသူငယ်သဏ္ဌာန် ပူဇော်ဟန်ထုလုပ်ခြင်းသည် သူငယ်သည် နေ့စဉ်ကြီးပြင်းလာသကဲ့သို့ ဘုရင်မင်းမြတ်၏ ဘုန်းကျက်သရေနှင့် တန်ခိုးအာဏာသည် နေ့စဉ် မပြတ် တိုးတက်နေမည်ဟူသည့် နိမိတ်ကို ယူခြင်းဖြစ်သည်။

မြန်မာဘုရင်များ လက်ထက်တွင် သူငယ်တော်ဟူသည့် အမှုထမ်းများရှိခဲ့ရာ ယင်းတို့၏ အဆင့်အတန်း၊ တာဝန်နှင့် ဝတ္တရားများကို မြန်မာ့သမိုင်းကျမ်းအချို့တွင် တွေ့ရှိရသည်။

သူငယ်တော်များသည် အနောက်ဆောင်တော်များတွင် တာဝန်ထမ်းကြရသည့် သန့်ရှင်းရေး အမှုထမ်းများ ဖြစ်ကြသည်။ သူငယ်တော်သည် ဘုရင်မင်းမြတ်၏ အနီးအပါးတွင် ခစားထမ်းရွက်ရသော အစေအပါး လူငယ်များဖြစ်ကြောင်းနှင့် ဖိနပ်တော်၊ ကွမ်းတော်၊ လက်ဖက်ရည်တော်များနှင့်တူကြောင်း ရေးသားခဲ့သည်။

မြန်မာ့သမိုင်းအဖွဲ့ဝင် ဦးသိန်းလှိုင် ပြုစုသည့် ခေတ်ဟောင်း မြန်မာ့သမိုင်း အဘိဓာန်တွင် သူငယ်တော်ကို မင်း၊မိဖုရား အဆောင်တော်များ (အထူးသဖြင့် အိမ်သာတော်များ) ကို သန့်ရှင်းစင်ကြယ်အောင် ရှင်းလင်းသုတ်သင်ရသော အမှုထမ်းဟု ဖွင့်ဆိုသည်။

မှတ်တမ်းများအရ သူငယ်တော်သည် ပုဂံခေတ်ကတည်းက ပေါ်ထွန်းခဲ့ကြောင်းသိရသည်။ ပုဂံခေတ် သူငယ်တော်သည် အမရပူရခေတ်နှင့် ရတနာပုံခေတ် သူငယ် တော်များနှင့် အဆင့် အတန်းကွာခြားကာ သံပျင်၊ ကလန်၊ အမတ်၊ ဟူးရား၊ သမား၊ သုခမိန်တို့နှင့် တစ်တန်းတည်း ဖော်ပြထားသဖြင့် အနောက်ဆောင် သန့်ရှင်းရေးဝန်ထမ်း မဟုတ်ကြောင်း တွေ့ရှိရပေသည်။

သူငယ်တော် အင်္ဂါခုနစ်ပါးနှင့် သူငယ်တော်အက

စွယ်စုံကျော်ထင်ကျမ်းတွင် ကျီးသဲလေးထပ်ဆရာတော်က အရှင်၏ အလိုကိုလည်း ကောင်းစွာ သိတတ်ခြင်း၊ စင်ကြယ် သန့်ပြန့်ခြင်း၊ လိမ္မာရေးခြားရှိခြင်း၊ မရမ်းမကား တရားစောင့်ခြင်း၊ ကျမ်းဂန်အကြားအမြင်များခြင်း၊ လိုချင်နည်းခြင်း၊ မမေ့မလျော့ သတိရှိခြင်း၊ ထိုအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသူကို မင်း၏ အနီး၌ ခစားစေရာ၏။

သူငယ်တော်၊လူပျိုတော်တို့၏ အင်္ဂါခုနစ်ပါးဟု ဖြေဆိုခဲ့သည်။ မြန်မာ့ရုပ်စုံသဘင်တွင် ကပြသည့် ရုပ်သေးရုပ် ၂၈ ရုပ်တွင် သူငယ် တော်ရုပ်သည် တစ်ခုအပါအဝင်ဖြစ်သည်။

ယခုခေတ်တွင် သူငယ်တော် အမှုထမ်းများ မရှိတော့သော်လည်း သူငယ်တော်ရုပ်များ၊ သူငယ်တော် အကများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ကျန်ရှိနေခဲ့ ပေသည်။
Ref;Wai Lin ၊ Myanmore Plus

Leave a Reply

Your email address will not be published.