မူရင်းဖန်တီးသူက ခွင့်မပြုသော်လည်း ဒီဇင်ဘာည သီချင်းကို စစ်ကောင်စီပိုင် မြန်မာ့အသံမှ ထုတ်လွှင့်

မူရင်းဖန်တီးသူက ခွင့်မပြုသော်လည်း ဒီဇင်ဘာည သီချင်းကို စစ်ကောင်စီပိုင် မြန်မာ့အသံမှ ထုတ်လွှင့်

တေးရေး တေးဆို လင်းနစ်၏ နာမည်ကြီး သီချင်းတပုဒ် ဖြစ်သော ဒီဇင်ဘာည သီချင်းကို မူရင်း ဖန်တီးသူ၏ ခွင့်ပြုချက် မရဘဲ စစ်ကောင်စီပိုင် MRTV ရုပ်သံတွင် သီချင်းအား သီဆိုယှဉ်ပြိုင် ထုတ်လွှင့်ခဲ့သည့်အပေါ် သီချင်းပိုင်ရှင် လင်းနစ်က ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသည်။

အဆိုပါ သီချင်းအား MRTV ဆောင်းရာသီ တေးများ အစီအစဉ်တွင် ထုတ်လွှင့်မည့်အကြောင်းကို နိုင်ငံကျော် ဝါရင့်တေးသံရှင် တက္ကသိုလ် လဲ့လဲ့က လင်းနစ် ထံသို့ လူမှုကွန်ရက် မက်ဆင်ဂျာက တဆင့် ခွင့်ပြုချက် တောင်းခဲ့ရာ သီဆိုခွင့် မပြုကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

တက္ကသိုလ်လဲ့လဲ့က အဆိုတော် လင်းနစ်အား ယင်းသီချင်းအတွက် ခွင့်ပြုချက် တောင်းပြီး အနုပညာငွေ ရောက်အောင် ပို့ပေးမည်ဆိုသည့်အကြောင်း ပြောဆိုထားသည်ကိုလည်း လင်းနစ်က ငွေမလိုချင်ကြောင်းနှင့် လုံးဝ ခွင့်မပြုကြောင်း ပြန်လည် တုံ့ပြန်ထားသည်။

သို့သော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်သံလိုင်း MRTV တွင် မူရင်းပိုင်ရှင်၏ ခွင့်ပြုချက် မရဘဲ သီဆို နွှဲပျော် ဂီတပွဲတော် သီချင်းပြိုင်ပွဲ၌ ရွှေဘိုမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငယ်တန်းစာရေးဟု ဆိုသူ ချင်းတိုင်းရင်းသူ မခင်သက်တင် (ရေဂျီးနား) က ဝင်ရောက် ယှဉ်ပြိုင်ကာ ထုတ်လွှင့်ခဲ့သည်။

“ဆိုမယ့် ချင်းတိုင်းရင်းသူ ဆိုတာလည်း အံ့ဩတာပဲ။ ကိုယ့်ပြည်နယ်တခုလုံး လေယာဉ် ဗုံးကြဲလိုက်၊ မီးရှို့လိုက် လုပ်နေတာတောင် အဲဒီကောင်တွေဆီ သွားဆိုနိုင်သေးတယ်။ ကိုယ့်ဘာသာ အရှက်မရှိလို့ လုပ်ကြရင်လည်း ကျနော့် သီချင်း ဆွဲမထည့်ပါနဲ့။ လုံးဝ ခွင့်မပြုဘူး” ဟု အဆိုတော် လင်းနစ်က လူမှုကွန်ရက်တွင် ပြောဆို ထားသည်။

အဆိုပါ “သီဆိုနွှဲပျော် ဂီတပွဲတော်”သီချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအား လူထု စိတ်ဝင်စားခြင်း မရှိသည့်အတွက် စစ်ကောင်စီက ၎င်းတို့၏ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများထံ စာပို့ကာ တဌာနလျှင် အနည်း ဆုံး ၅ ဦး အထက် မဲထည့်ရမည်ဖြစ်ကြောင်း ညွှန်ကြားစာများ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျံ့နှံ့ခဲ့သည်။

ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ မတရားဖမ်းဆီး ထောင်ချထားသည့် ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွား၏ နာမည်ကြီး သီချင်းတပုဒ် ဖြစ်သော ချစ်ကြပါ သီချင်းကိုလည်း ယင်းသီချင်းဆို ပြိုင်ပွဲတွင် မူရင်းဖန်တီးသူ၏ ခွင့်ပြုချက် မရဘဲ အသုံးပြုခဲ့သေးသည်။
Crd..The Irrawaddy

Leave a Reply

Your email address will not be published.