ပူတင် နှင့် မင်းအောင်လှိုင်တို့၏ တူညီနေတဲ့ အချက်များ

ပူတင် နှင့် မင်းအောင်လှိုင်တို့၏ တူညီနေတဲ့ အချက်များ

ရုရှားသမ္မတ ပူတင်ရဲ့ ရုရှားစစ်တပ်ဟာ ခုဆိုရင် ယူကရိန်းပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော်စစ်ဆင်နေပါပြီ။ (“စစ်ကောင်စီကို လက်နက်ရောင်းတဲ့ ယူကရိန်း ခံရတာတောင် နည်းသေးတယ်” ဆိုပြီး ပျော်ချင်တဲ့သူတွေ ရှိနေကြပါတယ်။

ပူတင် နှင့် မင်းအောင်လှိုင်

ခက်တာက ကြားထဲကနေ ခံရတာက အပြစ်မဲ့တဲ့ ယူကရိန်းပြည်သူတွေမို့ ကျူးကျော်စစ်ကို ဝမ်းသာအားရ ထောက်ခံတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ယူကရိန်းပြည်သူတွေရော မြန်မာပြည်သူတွေပါ အာဏာရှင်တွေရဲ့ မိုက်ရူးရဲမှုတွေကြောင့် အလားတူ ဒုက္ခခံနေရတာလို့ မြင်ပါတယ်။)

ပူတင်ရဲ့ စိတ်ဓာတ်၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပေါက်နဲ့ ဆင်ခြေဆင်လက်တွေဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အတော်လေးကို ဆင်တူနေတာ တွေ့ရပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ မြန်မာပြည်က တပည့်ကြီးက ရုရှားပြည်က ဆရာကြီးရဲ့ စတိုင်ကို နဂိုကတည်းက ပုံတူကူးချထားတာပါ။

ပူတင်ဟာ မြန်မာစစ်တပ်အပေါ် အထူးဩဇာကြီးပါတယ်။ မြန်မာစစ်ဗိုလ်တွေဟာလည်း ရုရှားမှာ စစ်သင်တန်းတွေ သွားတက်ရင်း ပူတင်ရဲ့ စိတ်ဓာတ်တွေ သယ်သယ်လာကြပါတယ်။ မတရားစစ် ဆင်နွှဲနေတဲ့ ပူတင်ကို ခုချိန်ထိ ထောက်ခံနေကြဆဲပါ။

ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဒီဖြစ်စဉ်နှစ်ခုမှာ ဆင်တူတာတွေ အများကြီး ရှိပါတယ်။

(၁) ဩဇာအာဏာမက်မောတယ်

အရင်ကတော့ ယူကရိန်းအပေါ်မှာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုတွေ အများကြီး ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပူတင် မှောက်ချင်မှောက် လှန်ချင်လှန်လို့ရတဲ့ ယူကရိန်းသမ္မတဟာ ၂၀၁၄ မှာ ပြည်သူ့ဆန္ဒကြောင့် ပြုတ်ကျသွားရာကနေ ယူကရိန်းအပေါ်မှာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှု ကျဆင်းသွားခဲ့ရပါတယ်။

ယူကရိန်းဟာ ရုရှားဘက်မပါတော့ဘဲ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပြီး NATO အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းတယ်။ ပူတင်ဟာ ယူကရိန်းအပေါ် ပြန်ပြီး ဩဇာလွှမ်းမိုးချင်တဲ့အတွက် ဝင်ရောက်ကျူးကျော်တာပါ။ ဝင်တိုက်ပြီးရင် သူကြိုးဆွဲရာ ကပေးမယ့် ရုပ်သေးရုပ်တစ်ယောက်ကို သမ္မတရာထူးခန့်ရင် ခန့်မယ်။ ဒါမှမဟုတ် ယူကရိန်းကို ရုရှားလက်အောက်သွင်းပြီး သူကိုယ်တိုင် သမ္မတ လုပ်မယ်ပေါ့။

မြန်မာအာဏာသိမ်းဖြစ်ရပ်လည်း ဒီလိုပါပဲ။ ပြည်သူအများစုက သောင်းသောင်းဖျဖျရွေးချယ်တဲ့ ပါတီအာဏာရလာပြီးတဲ့နောက်မှာ စစ်တပ်ရဲ့ နိုင်ငံရေးဩဇာကျဆင်းသွားတယ်။ ဒီနိုင်ငံရေးဩဇာကို ပြန်လိုချင်လို့ အာဏာသိမ်းတာပါ။

(၂) ဗလောင်းဗလဲ ပြောတယ်
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်

ပူတင်ဟာ စစ်လေ့ကျင့်ရေးပြီးဆုံးသွားတဲ့ တပ်ဖွဲ့တွေကို ယူကရိန်းနယ်စပ်ကနေ တပ်ရင်းကို ပြန်ပို့နေပါပြီဆိုပြီး တပ်ဖွဲ့အချို့ကို ယူကရိန်းနယ်စပ်ကနေ စတင်ဆုတ်ခွာနေသယောင်ယောင်၊ ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ်မရှိတော့သယောင်ယောင် ပြီးခဲ့တဲ့အပတ်ကပဲ ဗလောင်းဗလဲ ပြောခဲ့ပါသေးတယ်။ ပြီးတော့လည်း သိပ်မကြာခင် ကျူးကျော်တာပါပဲ။

မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ အာဏာသိမ်းဖို့ အစီအစဉ်မရှိသယောင်ယောင်၊ ခြေဥဘောင်ထဲကနေပဲ အလုပ်လုပ်သွားမယ်လို့ ဗလောင်းဗလဲပြောပြီး နောက်ဆုံးမှာ သူတို့စိတ်ကြိုက် လက်နဲ့ရေးထားခဲ့တဲ့ ခြေဥကို ခြေနဲ့ဖျက်ပြီး ဘောင်မဝင် စည်းမဝင် အာဏာသိမ်းသွားခဲ့တာပါ။

(၃) လက်နက်အားကိုးတယ်
မင်းအောင်လှိုင်

ကိုယ့်ဘက်က လက်နက်အင်အားသာလွန်တယ်ဆိုပြီး လက်နက်အားကိုးနဲ့ နိုင့်ထက်စီးနင်းလုပ်တဲ့ အကျင့်ကို ဖြစ်စဉ်နှစ်ခုလုံးမှာ တွေရပါတယ်။

(၄) မိုက်ရူးရဲတစ်ကိုယ်ကောင်းဆန်တယ်

ပူတင်ဟာ ကိုယ်ဖြစ်ချင်တာကိုပဲ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလုပ်ဖို့ ကြိုးစားပါတယ်။ သူလုပ်လိုက်တဲ့လုပ်ရပ်ကြောင့် လူပေါင်းများစွာ သေကြေပျက်စီးရမှာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်မှာ၊ စီးပွားရေးထိခိုက်မှာကို ဂရုမစိုက်ပါဘူး။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ဖြစ်ရပ်လည်း ဒီလိုပါပဲ။ ငတေမာဖို့အတွက် လူပေါင်းများစွာ ဒုက္ခရောက်ရမှာကို ဂရုမစိုက်ဘဲ မဆင်မခြင် လုပ်ပစ်လိုက်တဲ့ကိစ္စပါ။ ခုတော့ တစ်တိုင်းပြည်လုံးကို ထိခိုက်ရပါပြီ။

“တပည့်မကောင်း ဆရာ့ခေါင်း” တဲ့။ တပည့်ရော ဆရာရော မကောင်းတဲ့အခါ ဘယ်စကားပုံကို သုံးရမလဲခင်ဗျ။
Crd..ပိုးစုန်ကြူး

Leave a Reply

Your email address will not be published.