ပူတင်နှင့် ဖုန်းပြောပြီးနောက် အဆိုးဆုံးအခြေအနေတွေဖြစ် လာတော့မည်ဟု ပြင်သစ်သမ္မတ ပြော

ပူတင်နှင့် ဖုန်းပြောပြီးနောက် အဆိုးဆုံးအခြေအနေတွေဖြစ် လာတော့မည်ဟု ပြင်သစ်သမ္မတ ပြော

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ မိနစ် ၉၀ ကြာ ဖုန်းပြောအပြီးမှာ အဆိုးဆုံးအခြေအနေ လာတော့မယ်လို့ မက်ခွန်းက ပြောကြောင်း မက်ခွန်းရဲ့ ထိပ်တန်းလက်ထောက်တယောက်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

သမ္မတပူတင်ဟာ စစ်ဆင်ရေးဆက်လုပ်ဖို့ အကြီးအကျယ် ဆုံးဖြတ်ထားကြောင်း ပြခဲ့တယ်လို့လည်း မက်ခွန်းရဲ့ လက်ထောက်ကို ကိုးကားပြီး သမော်စကိုတိုင်းမ်စ် သတင်းဌာနက ပြောပါတယ်။

“ပူတင်ဟာ ယူကရိန်းတနိုင်ငံလုံးကို ထိန်းချုပ်ချင်နေတယ်။ သူဟာ ယူကရိန်းမှာ နာဇီဝါဒ အပြီးသတ် ချုပ်ငြိမ်းစေဖို့ စစ်ဆင်ရေး ဆက်လုပ်မယ်လို့ ကိုယ်တိုင်ပြောတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတာကို ရှောင်ဖို့နဲ့ လူသားချင်းစာနာမှု လမ်းကြောင်းတွေကို ခွင့်ပြုဖို့ မက်ခွန်းက ပူတင်ကို တိုက်တွန်းခဲ့တယ်။

ပူတင်ကတော့ ဘယ်လိုကတိကိုမှ မပေးဘဲ သူလည်း လိုလားတယ်လို့ အကြောင်းပြန်ခဲ့တယ်။ ရုရှားစစ်တပ်က ယူကရိန်းမှာ အရပ်ဘက် အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ အချက်ကိုတော့ ပူတင်က ငြင်းခဲ့တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ပြင်သစ်နဲ့ ရုရှားသမ္မတ နှစ်ယောက်ရဲ့ ဆွေးနွေးချိန်မှာ ဘယ်လိုတင်းမာတဲ့ လက္ခဏာမှ မပြခဲ့ပေမယ့် ပူတင်ကတော့ တခါတရံမှာ စိတ်မရှည်တဲ့လက္ခဏာ ပြခဲ့တယ်။ ဒါပေမဲ့ များသောအားဖြင့် ပူတင်ဟာ အင်မတန် ဘက်မလိုက်ဘဲ လက်တွေ့ကျတဲ့ စကားတွေကို ပြောခဲ့တယ်လို့လည်း ပြင်သစ်သမ္မတရဲ့ ထိပ်တန်းလက်ထောက်ကို ကိုးကားပြီး သမော်စကိုတိုင်းမ်စ် သတင်းဌာနက ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲက တိုက်ပွဲတွေကြားမှာ ရုရှား ထိပ်တန်းဗိုလ်ချုပ် အန်ဒရေ ဆူခိုဗျတ်စခီ မတ်လ ၃ ရက်က သေဆုံးခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

သူဟာ ရုရှားရဲ့ အလယ်ပိုင်းစစ်တိုင်း အမှတ်-၄၁ ပူးပေါင်းတပ်မဟာရဲ့ ဒုတပ်မမှူးလည်း ဖြစ်ပြီး သူသေဆုံးတာကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အတည်မပြုသေးပါဘူး။

ဒါပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဆာဂီလ်ချီပီယော့ဗ်က လူမှုကွန်ရက် မီဒီယာပေါ်ကနေ ကြေညာခဲ့ပြီး ရုရှားနဲ့ ယူကရိန်း သတင်းဌာနတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။
Crd..DVB News

Leave a Reply

Your email address will not be published.