စစ်ကောင်စီက ချိတ်ပိတ်ထားသည့် ပန်ဆယ်လို ၏နေအိမ်အား ရဟန်းတပါးမှ ကျောင်းအဖြစ် အလှူခံရန် တောင်းဆိုသွားမည်

စစ်ကောင်စီက ချိတ်ပိတ်ထားသည့် ပန်ဆယ်လို ၏နေအိမ်အား ရဟန်းတပါးမှ ကျောင်းအဖြစ် အလှူခံရန် တောင်းဆိုသွားမည်

ရဟန်းတစ်ပါးက အာဏာသိမ်းစစ်တပ်ကသိမ်းပြီး ချိတ်ပိတ်ထားတဲ့ ပန်ဆယ်လိုရဲ့ နေအိမ်ကို ကျောင်းအဖြစ် အလှူခံချင်တယ် ဆိုပြီး ဖေ့စ်ဘုတ်မှာ ပို့စ်တင်တယ်။ အဲဒီပို့စ်အောက်မှာ ထောက်ခံ အားပေးထားတဲ့သူတွေရော၊ ဆဲတဲ့သူတွေရော စုံနေတာပဲ။ ထောက်ခံအားပေးသူတွေထဲမှာ ရဟန်းတွေတော်တော်များများပါတယ်။

တစ်ခု စဉ်းစားမိလိုက်တယ်။ ရဟန်းတော်တွေအနေနဲ့ သူများနိုင်ငံမှာရော ကိုယ့်နိုင်ငံထဲမှာပါ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေကို သာသနာပြုဖို့ ထားပါဦး။ ဗုဒ္ဓဘာသာဖြစ်ပြီးသားသူတွေကိုတောင် ဘာသာ သာသနာကို စိတ်ပျက်သွားအောင် လုပ်တဲ့ပုံ ဖြစ်နေတယ်။

ဆိုလိုတာက မကြည်ညိုသေးတဲ့ သူတွေကို ကြည်ညိုအောင် လုပ်ဖို့ဆိုတာထက် ကြည်ညိုပြီးသားသူတွေကိုတောင် အကြည်ညိုပျက်အောင် လုပ်ပစ်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ နောက်ပြီး ပြောသေးတယ် သူတို့ကပဲ ဘာသာ သာသနာ မကွယ်အောင် စောင့်ရှောက်တယ် တဲ့။

စစ်တပ် မထောက်ခံတဲ့သူတိုင်းကို သာသနာဖျက်တယ်လို့ ယူဆထားကြပုံပဲ။ စစ်တပ်ကို သာသနာလို့ ယူဆထားတာလား၊ သာသနာကိုပဲ စစ်တပ်လို့ ယူဆထားတာလားတော့ မသိဘူး။ စစ်တပ်ကို ဝေဖန်ရင် သာသနာဖျက်တယ်လို့ တန်းပြောကြတယ်။

တစ်ချို့ပုဂ္ဂိုလ်တွေ သာသနာတွင်းဝင်ပြီး ဓာတ်လိုလို နတ်လိုလိုတွေနဲ့ လုပ်နေတာဟာ သာသနာပြုတာ မဟုတ်ဘူး။ အဲဒါဟာ ဘုရားအဆုံးအမ တရားစစ် တရားမှန်ဖြစ်တဲ့ သာသနာကို ပူးသတ်ဖျက်ဆီးနေခြင်းသာ ဖြစ်တယ်ဆိုတာကို သဘောမပေါက်တာလား မသိဘူး။ အဲဒါမှ သာသနာဖျက်လို့ ပြောရမှာ။ ဘုရားအဆုံးအမ ဦးတည်ချက်ကို ဖျက်တာ။

ဘုရားရဲ့တရားတွေဟာ ကျင့်သုံးလို့ပဲဖြစ်ဖြစ် ရွတ်ဖတ်လို့ပဲ ဖြစ်ဖြစ် ကိလေသာတွေ ကင်းနေရင် ကုသိုလ်ရနေမှာပါပဲ။ ဘုရားကလည်း သူ့တရားတွေကို ကိလေသာတွေ တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒဆိုပြီး ပဟာန်သုံးပါးနဲ့ ပယ်ရှင်းနိုင်ဖို့ ဟောခဲ့တာပဲ။

ဘာတွေဘယ်လောက်ပဲ ရွတ်ရွတ် သူများအပေါ် သတ်လိုမှု၊ သူများအိုးအိမ်တွေ ဖျက်ဆီးလိုမှုတွေမှာ အောင်မြင်ချင်တဲ့ စိတ်နဲ့ ရွတ်ကြမယ်ဆိုရင်တော့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေမယ်ဆိုတာကတော့ သိပ်စဉ်းစားစရာ မလိုပါဘူး။

ဒီနေ့ခေတ်လူငယ်တွေကို ချမ်းသာချင်ရင် ဒီဂါထာရွတ်ပါ၊ ဒီတရားကိုရွတ်ပါ၊ ဒီသုတ်ကိုရွတ်ပါ စသည်ဖြင့် ပြောရင် လက်ခံမည့်သူ နည်းသွားပြီ။ ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကတို့ အင်္ဂလန်တို့ စတဲ့ နိုင်ငံတွေ ချမ်းသာနေတာ၊ နေရာတကာ

မျက်နှာပွင့်နေတာ၊ အောင်မြင်မှုတွေ ရနေတာဟာ အဲဒါမျိုးတွေ ရွတ်လို့ ရနေတာမှ မဟုတ်တာလို့ ပြန်ပြောကြလိမ့်မယ်။ မြန်မာပြည်ကြီးမှာ ဒီလောက်ရွတ်ဖတ်နေကြပါရက်နဲ့ ဘာလို့ ဆင်းရဲတွင်းက နက်သထက်နက်နေတာလဲ ဆိုတာမျိုးတွေလည်း ပြန်မေးကြလိမ့်မယ်။

ဘာသာတရားက စိတ်ဖြူစင်သန့်ရှင်းပြီး ကိလေသာနည်းပါးခြင်း၊ ကုန်ခမ်းခြင်းဆိုတဲ့ အချေနေတစ်ရပ်ကို ဦးဆောင်တယ် (နိဗ္ဗာန်)။နိုင်ငံတည်ဆောက်တာက စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတွေကို အဆင်ပြေတဲ့ အချေနေတစ်ရပ်ကို ဦးဆောင်တယ်။

ဦးတည်ချက်က တစ်ခြားစီပဲ။ အဲဒါကို ဦးတည်ချက်တွေ ကမောက်ကမဖြစ်အောင် သွားသွားလုပ်ရင် ဖြေရှင်းရခက်မယ်။ တရားနဲ့ နိုင်ငံ့တာဝန်ဟာ တစ်ခုချင်းစီ သီးသန့်အချိန်ယူ ကျင့်သုံးနေရမှာ မဟုတ်ပေမယ့် ဦးတည်ချက်ကိုတော့ ဘယ်လိုမှ တူအောင် လုပ်လို့မရဘူး။ ဆိုလိုတာက စီးပွားဖြစ်ဖို့ တရားရှာ၊ ဘုရားဟောဒေသနာတွေရွတ်၊ နိဗ္ဗာန်ရဖို့ စီးပွားလုပ်ဆိုတာမျိုးတွေပေါ့။

ပြောချင်တာက ကိလေသာ မဝင်ဖို့၊ ဘုရားကို ပူဇော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ဖတ်ပူဇော်တာမျိုး၊ ကျင့်သုံးတာမျိုးပဲ ဖြစ်သင့်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဘုရားဒေသနာတွေက ဓာတ်လိုလို နတ်လိုလို မန္တာန်သဘောပဲ သက်ရောက်သွားတော့မှာပါ။

ဝဋ္ဋသုတ်ရွတ်ရင် မီးသတ်ဌာနတွေ မလိုတော့ဘူး။ အင်္ဂုလိမာလသုတ်ရွတ်ရင် သားဖွားဆရာမတွေ မလိုတော့ဘူး စသည်ဖြင့် စောဒကတက်လာရင် ရွတ်တဲ့သူကိုယ်တိုင်က သီလ သမာဓိ မရှိတာ ဘာညာနဲ့ ကိုယ်ပဲ ပြန်ခံနေရဦးမှာပဲ။

အဲဒီတော့ ဘာသာရေးနဲ့ နိုင်ငံရေးဟာ ဦးတည်ချက် မတူကြလို့ တူအောင်လိုက်မညှိပဲ သူ့အတိုင်းထားလိုက်တာ အကောင်းဆုံးပဲ။ ဘုရားကလည်း အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ လို့ ဟောထားတာပဲ။

ကိုယ့်အမြင် ပြောတာပါ။ ကိုယ်ကလည်း မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတာလို မကြာမကြာ လုပ်တတ်တယ်။
Crd..Moe Zaw

Leave a Reply

Your email address will not be published.